Photo

Sunday, September 26, 2021

Monday, September 20, 2021

ပြည်သူ့အသံ

September 20, 2021 0 Comments


“အောင်ဆန်းစုကြည်ကို မယုံဘူး”

=========


မြန်မာ့နိုင်ငံရေးအီလစ် အလွှာမှာဒေါ်စုနဲ့ပတ်သက်လာရင် အချက်အလက် (facts) တွေနဲ့ ရင်မဆိုင်ရဲကြသူတွေ၊ သတ္တိမရှိကြ သူတွေများလွန်းမက များလွန်းတော့ ဇာတ်ကြောင်းချပြောဆိုမှု (narrative) တွေနဲ့ လုံးချာလိုက်ပြီးပဲ ဒေါ်စုကို ရှုမြင်ကြတော့တယ်။ 


ဒေါ်စုဟာ တိုင်းရင်းသားတွေအသံကို နားမထောင်ဘူး။ ဒေါ်စုဟာ စစ်တပ်နဲ့ပဲ အရမ်းရင်ကြားစေ့တယ်။ ဒေါ်စုဟာ ရခိုင်ကိစ္စမှာ ဘာဖြစ်တယ်၊ ညာဖြစ်တယ်။ နောက်ဆုံးကျတော့ အချက်အလက်တွေဟာ မည်သို့ပင် ငြင်းမရအောင် ရှိနေပါစေ၊ အချက်အလက်တွေကို မေ့ပစ်လိုက်ကြပြီး၊ narrative တွေနဲ့ပဲ ရှင်သန်ကြတော့တယ်။ ဘာလို့ဆိုတော့- အချက်အလက်တွေအပေါ်မှာ အခြေခံပြီး ချဉ်းကပ်ရင် ဒေါ်စုရဲ့ ရွေးချယ်မှုတွေဟာ တိုင်းပြည်တစ်ခုလုံးအတွက် မှောက်မှားသွားဖွယ်ရာမရှိလို့ ပေါ်လွင်နေတာကိုး။ ဒါပေမယ့် ဒေါ်စုကို တိုက်ခိုက်ပြီးမှ၊ အောင်ဆန်းစုကြည် အလာဂျီရှိပါတယ်လို့ မိမိကိုယ်မိမိ ဖက်ရှင်ကျကျ ဖြစ်စေပြီးမှ အချို့ နိုင်ငံရေးအီလစ်အသိုင်းအဝိုင်းကြားမှာ “ဂေါ်” တယ်လို့ သတ်မှတ်ခံရတာကိုး။ တစ်ကယ်တော့ ဂေါ်တာမဟုတ်ဘဲ ရူးနေတာသပ်သပ်မျှသာပါပဲ။ 


တိုင်းရင်းသားတွေအသံကို နားထောင်/မထောင်ဆိုတာနဲ့ ပတ်သက်ရင် - ဘယ်သူ့အသံလဲ လို့ ပြန်မေးတဲ့အခါ၊ အချက်အလက်အားဖြင့် (fact က) ဘာပြနေသလဲဆိုတော့ ဒေါ်စုက တိုင်းရင်းသားပြည်သူတွေရဲ့အသံကို နားထောင်ခဲ့တယ်ဆိုတာပါပဲ။ ဘယ်သူတွေကို ဂရုမပြုသလဲဆိုတော့ နိုင်ငံရေးအီလစ်အလွှာထဲကသူများကို ဂရုမပြုခဲ့ရုံသာပါ။ အဲဒီ အီလစ်အလွှာက လူပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်မများဟာလည်း ဂရုပြုချင်စရာကောင်းတဲ့ နှိမ့်ချမှုမျိုးမရှိဘဲ၊ ဒေါ်စုကိုသာ လက်ချာရိုက်ချင်သူ များပါတယ်။ လူထုထောက်ခံမှုရှိထားလို့လားဆိုတော့လည်း မူးလို့တောင်ရှူစရာမရှိ။ ကြာတော့ - ခေါင်းဆောင်တစ်ဦးအနေနဲ့က ဘာမှ အရာမရောက်၊ လူထုထောက်ခံမှုလည်းမရှိတဲ့ သူများရဲ့ အသံကို အချိန်ကုန်ခံ နားထောင်မနေတော့ဘူးပေါ့။ သဘာဝကျပါတယ်။ အဲဒီလို နားထောင်ကြေးဆိုရင် သူလုပ်စရာရှိတဲ့အလုပ်တွေ လုပ်ရမှာကိုမဟုတ်ဘူးရယ်။ 


ဒေါ်စုဟာ သာမန်ပြည်သူတွေရဲ့ အသံတွေကို အတတ်နိုင်ဆုံး နားထောင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုပြီး Town Hall တွေလုပ်တာ series လိုက်ပါ။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အလွန်ရှားပါးတဲ့ လူထုတွေ့ဆုံပွဲမျိုးတွေပါ။ လူထုအသံကို တိုက်ရိုက် live လွှင့်ပြီး နားထောင်တာမျိုး။ သူသွားတဲ့ ဒေသက ပြည်သူတွေရဲ့ အသံတွေကို အဲဒီဒေသမှာတင် ဒိုင်လျှိုနားထောင်တာမဟုတ်ဘဲ တစ်နိုင်ငံလုံးကိုပါ live လွှင့်ပြီး နားထောင်ပြခဲ့တာပါ။ EAO တွေအပါအဝင် အခြားသော နိုင်ငံရေးအင်အားစုများ အားနည်းခဲ့တဲ့အရာပေါ့။ 


ဆိုလိုတာက - ဒေါ်စုဟာ ပြည်သူနဲ့ တိုက်ရိုက်ဆက်ဆံတဲ့ နိုင်ငံရေးခေါင်းဆောင်ပါ။ ဒီတော့ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့ ဝန်လေးကြတဲ့ နိုင်ငံရေးအီလစ်အလွှာကလူများဟာ ဒေါ်စုကို ရှုမြင်တဲ့အခါ facts တွေထက်၊ narrative တွေ တည်ဆောက်ပြီး ချဉ်းကပ်ကြတော့တာ။ 


အခုပဲ ဖတ်လိုက်ရတာက - AA တပ်ဖွဲ့ဝင်တွေကိုပါ စစ်ကောင်စီက ကိုဗစ်ဆေးထိုးပေးပါမယ်တဲ့။ ဟောဗျာ..ရန်ဖြစ် ကြတုန်းက သူတို့အပြင် မုန်းလိုက်ကြ၊ တိုက်ခိုက်လိုက်ကြတာမရှိ။ အာဏာလည်းသိမ်းပြီးရော ဘာအသံမှ မကြားရတော့။ ရခိုင်ကိစ္စမှာကြတော့ ဒေါ်စုက လူမုန်းခံရပြီး၊ မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးကိုဖြစ်လို့။ တရားလည်း ကျဖို့ကောင်းပါတယ်။ 


အခုလည်း - တော်လှန်ရေးစပြီဆိုကတည်းက “ဒေါ်စုလွတ်လာရင် ဘယ်လိုလုပ်မလဲ၊ ဒေါ်စုက ရင်ကြားစေ့ရေးကို ပြန်လုပ်ရင် ဘယ်လိုလုပ်ကြမလဲ၊ ဒေါ်စုက ဟိုလိုလုပ်ရင်၊ ဒီလိုလုပ်ရင် ဘယ်လိုအာမခံမလဲ” ဆိုပြီး၊ စိုးရိမ်တကြီး ဖြစ်ကြတယ်။ နိုင်ငံရေးအီလစ်အလွှာက ဖော်ထားတဲ့ narrative တွေကြောင့် “ဒေါ်စု ပြည်သူက မည်သို့ရှိနေပါစေ၊ စစ်တပ်ကို အလွန်နားလည်လွန်းသော၊ ရင်ကြားစေ့ချင်လွန်းသော မိန်းမကြီး” လို့ မြင်လို့မို့လို့သာ မလိုအပ်တဲ့ မေးခွန်းတွေ တသီကြီးထွက်လာတာပါပဲ။ တစ်ကယ်တော့ စစ်တပ်ကို ရင်ကြားစေ့တဲ့အထဲ ဒေါ်စုတစ်ယောက်တည်း မှမဟုတ်တာ။ တိတ်တိတ်လေး ရင်ကြားစေ့နေကြတဲ့ EAO တွေမှ တစ်ပုံကြီးရယ်။ ဒါပေမယ့် ဒါကို မဖော်ပြချင်/မဖော်ပြရဲ‌တော့ ဒေါ်စုကို အတာချလိုက်ကြလေသတည်းပေါ့။ 


အခု ဒေါ်စုက “ပြည်သူဆန္ဒကိုဘယ်တော့မှ မဆန့်ကျင်ပါဘူး” လို့ ဖြေလိုက်တယ်။ ပြောစရာလည်း ကုန်ပါပြီ။ ဒါကိုပဲ “အောင်ဆန်းစုကြည်ကို မယုံဘူး” ဆိုပြီး ကိုယ်ဖန်တီးထားတဲ့ ထင်ယောင်ထင်မှား narrative (delusional narrative) တွေထဲမှာ လည်နေကြဦးမယ့် လူတွေ/လူမတွေက ရှိနေပြီးသားပါ။ 

မြန်မာပြည်သူတွေနဲ့ ဒေါ်စုနဲ့က တန်လွန်းမကတန်ပါတယ်။ ဒေါ်စုဟာ ပြည်သူကို အလွန်တန်ဖိုးထားတဲ့ ခေါင်းဆောင်။ ပြည်သူကလည်း ဒီခေါင်းဆောင်ကို တန်ဖိုးထားပါတယ်။ ဒါကြောင့်လည်း လူမျိုးရေး/ဘာသာရေး အခြေပြုပြီး ဘယ်လောက် ဆွယ်နေပါစေ၊ လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ရှိတဲ့အခါ ဒေါ်စုကိုပဲ ထပ်ရွေးကြပါတယ်။ ဒေါ်စုနဲ့ မတန်တာက မြန်မာပြည်က နိုင်ငံရေးအီလစ်အလွှာ (စစ်တပ်အပါအဝင်) ပါ။ 


မြန်မာပြည်က နိုင်ငံရေး အီလစ်တွေဟာ အလွန်အပြင်းထူကြတယ်။ ကိုယ့်အရည်အချင်းနဲ့ကိုယ် လူထုထောက်ခံမှု ယူရမယ့်အစား ဖြတ်လမ်းက လိုက်လိုကြတယ်။ အချက်အလက်တွေက မည်ကဲ့သို့ ပြဆိုနေပါစေ၊ ဒေါ်စုကို အပုတ်ချတဲ့ narrative တွေကို ဖန်တီးခြင်းအားဖြင့်သာ သူတို့ နေရာရမယ်လို့ ယုံမှတ်ကြတယ်။ ဒါ့အပြင် ဒီမိုကရေစီတို့၊ ဖက်ဒရယ်တို့ဆိုတဲ့ နိုင်ငံရေး principle တွေပေါ်မှာ ထိုင်နေတယ်လို့ ပါးစပ်က အော်နေပေမယ့်၊ မိမိတို့ရဲ့ အစုအဖွဲ့ဆိုင်ရာ အကျိုးစီးပွားကို အဲဒီ principle တွေက ထိခိုက်လာတဲ့အခါ လူမျိုးရေးအခြေပြုနိုင်ငံရေး (ethnic based politics) ကိုသာ ထပ်ခါတလဲလဲ ပြန်ပြီး အကာအကွယ်ယူကြတယ်။ 


ဒါကြောင့် ထပ်ပြောပါမယ် - မြန်မာပြည်က (လက်ရှိအထိရှိနေဆဲ) နိုင်ငံရေးအီလစ်အလွှာဟာ ဒေါ်စုလို ခေါင်းဆောင်မျိုးနဲ့ မတန်လွန်းမကမတန်ပါဘူး။ ဒေါ်စုဟာ စစ်တပ်အပါအဝင် နိုင်ငံရေးအီလစ်အလွှာတွေထဲမှာ မြတ်မြတ်နိုးနိုး ဆွဲကိုင်တန်ဖိုးထားကြလေ့ရှိတဲ့ အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစား language တွေကို ပြောတတ်တဲ့ (သို့မဟုတ်) ပြောမယ်လို့ ရွေးချယ်မယ့် ခေါင်းဆောင်တစ်ယောက် ဟုတ်မနေပါဘူး။ 


အလွန်ဝမ်းနည်းဖို့ကောင်းတာက - ဖက်ဆစ် စစ်တပ်ရဲ့ တိရစ္ဆာန်လို ကျင့်ကြံမှုကြောင့် ဒေါ်စုလို နိုင်ငံရေးခေါင်းဆောင်ရဲ့ ပျိုးထောင်မှုကို အချိန်ကြာကြာမခံစားရတော့မယ့် မြန်မာ့နိုင်ငံရေးနယ်ပယ်ပါပဲ။ အလွန် ဆုံးရှုံးမှုကြီးပါတယ်။